ကြံခင်းမြို့နယ်ကိုယ်စားပြု အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်

ကြံခင်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားကွင်းတွင် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက လူရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်သိမ့်သိမ့်နွေးနှင့် အားကစားနည်းစနစ်မှူးများက လူရွေးပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လာကြသည့် မြို့ပေါ်ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများရှိ အသက် ၂၅ နှစ်အောက် အမျိုးသမီးဝါသနာရှင် အားကစားသမားများအား သွေးပူလေ့ကျင့်ခန်းများပြုလုပ်ပေးပြီး အသင်းနှစ်သင်းခွဲ၍ ဘောလုံးပြိုင်ပွဲကျင်းပ၍ ပဏမလူရွေးချယ်ခဲ့ကြသည်။ ထိုသို့ လေ့ကျင့်၊ ရွေးချယ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်၍ ကြည့်ရှုအားပေးကြသည်။

အဆိုပါ မြို့နယ်ကိုယ်စားပြုအသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ပဏမအဆင့် ၂၀ ဦးရွေးချယ်ကာ လေ့ကျင့်သင်ကြားပေးပြီး မြန်အောင်ခရိုင်တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)