မင်းဘူး ဇွန် ၂၂
ထန်းပင်သည် အပူပိုင်းဒေသတွင်သာအများဆုံးတွေ့ရ၍ ပင်စည် ၃၀/၄၀ လက်မကြား၊ အမြင့် ၇၀/၈၀ ပေရှိပြီး ကမ္ဘာပေါ်တွင်အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းများတွင်တွေ့နိုင်သည်။ထန်းပင်ဟုပြောလိုက်ပါက လူတိုင်းသိကြသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ထန်းပင်ကိုတွေ့ရပြီး မိုးရေချိန် ၂၀ လက်မနှင့် ၄၀ လက်မ ကြားဒေသများတွင် ပေါက်ရောက်သည်။ထန်းပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပေါက်ရောက်ရှင်သန်နိုင်သော နှစ်ရှည်ပင် မျိုးဖြစ်ကာ ကျေးလက်ဒေသအနှံ့အပြားတွင် ထန်းပင်၊ ထန်းတောများစွာတွေ့ရှိ၍ ထန်းဖို၊ ထန်းမဟူ၍ နှစ်မျိုးရှိသည်။အညာဒေသသည် လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ထန်းအရင်းအမြစ်ကို ပိုင်ဆိုင် ခဲ့ကြခြင်းဖြစ်သည်။အညာရိုးရာယဉ်ကျေးမှု ထွက်ကုန်များသည် မြန်မာနိုင်ငံသာမက ကမ္ဘာအထိ ဂုဏ်သတင်းကျော်ဇောခဲ့သည်။ အညာဒေသ၌ ခေတ်အဆက်ဆက် ထန်းပင်၊ ထန်းတောများ ပေါများ သည်။ အရှေ့တောင်အာရှတဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ၏ အမှတ်သင်္ကေတသည် အုန်းပင်ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ၏ အမှတ်သင်္ကေတသည် ထန်းပင်ဖြစ်သည်ဟု ဆိုကြသည်။
ထန်းပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၏ မြို့နယ်များအတွင်းရှိကျေးလက်ဒေသများတွင် ပေါက်ရောက်ဖြစ်ထွန်းပြီး ထန်းပင်၊ ထန်းတောများစွာရှိခြင်း ကြောင့်၊ ဈေးကွက်တွင် မျက်နှာပန်းလှသော ထန်းလျက်လုပ်ငန်းကိုများစွာလုပ်ကိုင်နိုင်သည်။ ထန်းပင် အသုံးပြုမှုပေါ်မူတည်ပြီး ထန်းလက်၊ ထန်းရွက်၊ ထန်းသီး၊ ထန်းမြစ် စသည်ဖြင့် တစ်ပင်လုံး အသုံးဝင်သည်။ အညာ ကျေးလက်ဒေသများမှာ ထန်းလက်ဖြင့် အိမ်ကာခြင်းအပြင် အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ပြုလုပ်၍ အသုံးပြုကြခြင်းသည် အညာဒေသ၏ရိုးးရာဓလေ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေသည်။ ထန်းပင်မှတစ်ဆင့် လူတိုင်းသောက်သုံးနိုင်သော ထန်းရည်ရရှိပြီး ထိုထန်းရည်မှတစ်ဆင့် ထန်းလျက် အမျိုးမျိုး ချက်လုပ်ရောင်းချနိုင်သည်။အညာဒေသ ယာခင်းများ၏ ခြံစည်းရိုးများတွင် ထန်းပင်များ စိုက်ပျိုးထားခြင်းများဖြင့်၊ ထန်းပင်၊ ထန်းတော ပေါများပြီး၊ ဒေသခံကျေးလက်နေ ထန်းတောင်သူများ ထန်းလျက်ချက်လုပ်ငန်းကို ဒေသစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြသည်။
ထန်းလျက်လုပ်ငန်းကို မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်း ပူပြင်းခြောက် သွေ့သော ဒေသများတွင် အများဆုံး တွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်းမြို့နယ်တို့တွင် အများဆုံးပေါက်ရောက်သည့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း အနည်းငယ်တွေ့ရသည်။အညာဒေသဟု ဆိုလိုက်၊ ပြောလိုက်လျှင် ပင်စည်မြင့်မြင့်ရှည်ရှည် အမြဲစိမ်းလန်းနေသော ထန်းတောများက ပူပြင်းခြောက်သွေ့လှသည့် မိုးခေါင်ရေရှားလှသော အညာဒေသ၏ ပြယုဂ်သဖွယ် ထင်ရှားစွာ တည်ရှိနေပါတော့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)