တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

တာမွေ ဇွန် ၂၂

“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝကာကွယ်ကြ” ဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့၏ ဦး‌ဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ဇွန် ၂၀ ရက်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၄၁)၊ မူးယစ်တပ်ဖွဲ့စု (ရန်ကုန်အရှေ့ပိုင်း)မှ တပ်ဖွဲ့စုမှူး ရဲမှူးလှသိန်းစိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ကွမ်းစားခြင်းအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ခင်မောင်ထွန်းက မူးယစ်ဆေးဝါးပပျောက်ရေး၊ အားကစားနှင့်ကုစားပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ် လူထုဆက်သွယ်ရေး သံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက ကျောင်းသားလူငယ်ထုအတွင်း အလွယ်တကူ ဝင်ရောက်နိုင်သော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးဟောပြောခဲ့ကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အသိပညာပေးဟောပြောခဲ့ကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများအတွက် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ‌ပေါင်မုန့် နှင့် အချိုရည်များပေးအပ်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခင်ဇံက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများသည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)