အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းမှ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယ‌မန်နေ့ နံနက် ၁၀ နာရီအချိန်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းမှ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်း အနားကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်ကိုဦးက သင်တန်းအဖွင့်အမှာစကားပြောကြားခြင်း၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဝေဝေလင်းက စီမံကိန်းသင်တန်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ ကျေးလက်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ တစ်ပိုင်တနိုင်မိသားစုလုပ်ငန်းများဖန်တီးနိုင်စေရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အခြေခံစက်ချုပ်သင်တန်းကို ဇွန်လ ၂၁  ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ သင်တန်းသူ(၁၀)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစံရင်မော်၊ မြောင်းမြခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဝေဝေလင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌဒေါ်အိအိနွယ်နှင့်အဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)