ရေး ဇွန် ၂၂
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်တတ်စေရေးတို့အတွက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇွန်လ ၂၀ ရက်နေ့က အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ရန်ကြီးအောင် အရန်မီးသတ်စခန်းတွင် ဆောင်ရွက်သည်။
အခမ်းအနားသို့ ရေးမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့် ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ထက်ဝါဝါမှူးက လူမှုပတ်ဝန်းကျင်အသီးသီး၌ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ မိမိပတ်ဝန်းကျင်၌ အမှိုက်ပမာဏ/ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချပေးနိုင်ခြင်း၊ ပလတ်စတစ်အစားထိုးပစ္စည်းများပြောင်းလဲအသုံးပြုခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ခြင်းတို့အပြင် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။
ထို့နောက် အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားခြင်း၊ ခွဲခြားစွန့်ပစ်ရမည့်အမှိုက်များအားသတ်မှတ်အရောင် အမှိုက်ပုံးအတွင်းစနစ်တကျစွန့်ပစ်ရေးလက်တွေ့သရုပ်ပြခြင်းဆောင်ရွက်ပေးပြီး “စနစ်တကျ အမှိုက်ခွဲခြား စွန့်ပစ်ရေး” အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ