မြိတ် ဇွန် ၂၂
ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် ဒသမအကြိမ် မြိတ်တက္ကသိုလ်မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲကို မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ ဇွန်(၂၁)ရက် နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင်ကျင်းပခဲ့ပြီး ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
သွေးလှူဒါန်းရာတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့်လည်းကောင်း၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသောဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့်လည်းကောင်း ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၂)ဦးက စုပေါင်းသွေးလှူဒါန်းကြခြင်းဖြစ်သည်။
သွေးလှူဒါန်းကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည်၊ ဒုပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ ပြည်သူ့ဆေးရုံသွေးလှူဘဏ်တာဝန်ခံ ဒေါက်တာလမင်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများကို ကြက်ဥ၊ အအေးဗူး၊ အာဟာရမုန့်များနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ခိုင်ထူး ( ပြန်/ဆက် )