၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုးပွဲ ပြုလုပ်

ကသာ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးရာသီသစ်ပင်များစုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်က ကသာမြို့ ပတ္တာမြားရပ်ကွက်၊ စိန်ဂျိုးဇက်ဘုရားကျောင်းဝင်းအတွင်း မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ် အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါ ကြောင်း၊ မိမိတို့သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများပျက်စီးပြုန်းတီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများကာကွယ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ သစ်တောပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကိုကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသူများအနေဖြင့် သစ်ပင်များကိုစိုက်ပျိုးလိုပါက မိမိတို့သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍ သစ်ပင်ပျိုးပင်များကို လာရောက်ယူငင်စိုက်ပျိုးနိုင်ပါကြောင်း ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောပြခဲ့သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနတို့က သစ်ပင်ပျိုးပင်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များကို အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာများ၌ ကျွန်းပင်  (၃၀၀) ပင်၊ ကံ့ကော် (၁၀၀) ပင်၊ ခရေ (၁၅၀)၊ စိန်ပန်း (၁၀၀)၊ မဟော်ဂနီ (၅၀)၊ ပျဉ်းကတိုး (၃၀၀) ပင် စုစုပေါင်း သစ်ပင် ပျိုးပင် (၁၀၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခဲ့ကြောင်းသိရသည်။

ကျော်စွာထွန်း(ကသာ)