မော်လမြိုင်ကျွန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ တုံးလှဲချောင်းမြစ်အတွင်း သွားလာပြေးဆွဲနေသော ရေယာဥ်များအား ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် ရ.စ.ကဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ပူးပေါင်အဖွဲ့တို့က Lijack ဝတ်ဆင်မှုသင်ကြားပြသပေးခြင်းနှင့် ရေယာဥ်များအတွက် အသက်ကယ်ဘောကွင်းများ၊ Lijack များအသင့်ထားရှိရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၇) ရပ်ကွက်၊ ပိတောက်လမ်းကမ်းနားနှင့် သဲလမ်းကမ်းနားဆိပ်တို့ တွင် ယမန်နေ့ (၁၀)နာရီခွဲအချိန်က စတင်ပြုလုပ်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်က ရေလမ်းခရီးသွားပြည်သူများအား အသက်ကယ်ဝတ်စုံများကို ဝတ်ဆင်ပုံနှင့် မိမိတို့နေအိမ်များတွင် အလွယ်တကူရရှိနိုင်သည့် ရေသန့်ဘူးများ၊ ရေပုံးများနှင့် အသက်ကယ်ဝတ်စုံပြုလုပ်ပုံ အဆင့်ဆင့်တို့ကိုပြသခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် ဝန်ထမ်းတို့က သဘာဝဘေးအန္တရာယ် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)