ရန်ကုန် ဇွန် ၂၁
မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းက ကန်သာယာအထူးကုဆေးရုံကြီး၏ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် လှိုင်မြို့နယ်၊ ပြည်လမ်းရှိ ကန်သာယာအထူးကုဆေးရုံကြီး၌ ကျင်းပသည်။
ဦးစွာ ကန်သာယာအထူးကုဆေးရုံကြီး၏ ဆေးရုံအုပ်ချုပ်မှုဒါရိုက်တာ ပါမောက္ခဒေါက်တာစောလွင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ၊ စာရေးဆရာမောင်ဆွေသက်က စာအုပ်၊ စာစောင်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းရာ ကန်သာယာအထူးကုဆေးရုံကြီး၏ ဆေးရုံအုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းနောက် ဆေးရုံအုပ်ချုပ်မှုဒါရိုက်တာမှ စာအုပ်၊ စာစောင်များ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက ကန်သာယာအထူးကုဆေးရုံကြီး စာကြည့်တိုက်သို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)