ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေဟောပြေပွဲ ကျင်းပ

ရန်ကုန် ဇွန် ၂၁

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့အကြို “စာပေဟောပြောပွဲ” အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပရာ ရန်ကုန်ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး (ဗဟို)ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး၏ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကမာရွတ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာမူလတန်ကျောင်းမှ ကျောင်းသူလေးများက ရတနာပုံအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင်ဆရာမမမိုးမြေက အတိတ်ခေတ်မြန်မာအမျိုးသမီး၏ပုံရိပ်များ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက မလေးလက်ခတ်သံအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် ဒေါက်တာနန္ဒဝင်းက အနာဂတ်၏ဖန်တီးရှင် “မိခင်” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် မြန်မာ့သိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး သိုင်းဆပ်ကော်မတီမှ အားကစားသမားများက သရုပ်ပြတင်ဆက်ပေးခဲ့ကြပြီး စာပေပညာရှင် ဒေါက်တာခင်ဆွေမြင့်က “စာပေထဲကမိန်းမလှ” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် မြင်းမူမောင်နိုင်မိုးက “ချစ်ခြင်းဖြင့်သာရှုမြင်ပါ” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူလေးများက ဝေဇယန္တာ (အဆို၊ အတီး၊ အက)ဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး (ဗဟို)ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစာင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကတို့က ဟောပြောပေးခဲ့ကြသည့် စာပေပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့် တိုင်းဒေသကြီးဝန်းကြီးများ၏ ဇနီးများက ဟောပြောပွဲတွင် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ကျောင်းသူများနှင့် ရန်ကုန်တိုင်းဒေသကြီး သိုင်းဆပ်ကော်မတီမှ အားကစားသမားများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)