ဝန်းသို ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အ.ထ.က-ဝန်းသို၊ မြတ်ဆရာ၀န်းမ၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုမြင့်က ကြိုတင်ကာကွယ်သဘာ၀ဘေးအန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်က ရေကြီးရေလျှံဘေးအန္တရာယ်နှင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများအကြောင်းကိုလည်းကောင်းပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဖြိုးက မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များ အကြောင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးအန္တရာယ်နှင့် မိုးခေါင်ရေရှားဘေးအန္တရာယ်တို့၏ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကြိုတင်ပြင်ဆင်သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများက ငလျင်လှုပ်ခတ်နေစဉ်အတွင်း (ဝပ်၊ ကာ၊ ကိုင်)ပုံစံဖြင့် နေထိုင်ပုံကို သရုပ်ပြသခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ဦးရေ(၃၀၀) ကျော်တို့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)