ဒဂုံ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်မှူးဦးမျိုး၀င်းက မူးယစ်ဆေးဝါး သမိုင်းကြောင်း၊ မူးယစ်ဆေး၀ါးသုံးစွဲ ၊လက်၀ယ်ကိုင်ဆောင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်း၊ မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာရွှေပြည်ကမူးယစ်ဆေးဝါးအန္တရာယ်နှင့်ကျန်းမာရေးအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးမှ မူးယစ်ဆေးဝါးကင်းစင်သည့် ပတ်၀န်းကျင်တစ်ခုဖြစ်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မူယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် Grade-5 မှ ကျောင်းသား မောင်ဘုန်းမြတ်ကိုကိုက ပထမဆု၊ မသွန်းရတီစံက ဒုတိယဆု၊ မောင်သော်ထက်အောင်က တတိယဆု ရရှိပါသည်။ ကျပန်းစကားပြောပြိုင်ပွဲတွင် Grade-9 မှကျောင်းသူ မအိမ့်ရွှေရည်ဖူးက ပထမ၊မောင်အောင်ဘုန်းမြတ်ဇော်က ဒုတိယ၊ တတိယဆုကို မောင်သုမြတ်ထူးတို့က အသီးသီး ဆုများ ရရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲသို တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များ နှင့် စာအုပ်ပြပွဲကိုစိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြသည်။
ထို့နောက်အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာထွေးကို နှာခေါင်းစည်း (mask)နှင့် လက်ဆေးရည်များပေးအပ်လှုဒါန်းခဲ့ပြီးကျောင်းသား၊ ကျောင်းသူများကိုလည်း မှုးယစ်ဆေးဝါး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ကျန်းမာရေးဌာနမှူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူအင်အား (၂၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လဲ့လဲ့(ပြန်/ဆက်)