မွန်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လမြိုင် ဇွန် ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ယနေ့အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ်မှ ဥပ‌ဒေအရာရှိများအနေဖြင့် ပြည်သူကို ဥပဒေဝန်ဆောင်မှုပေးရာ၌ နိုင်ငံတော်က ပြဋ္ဌာန်းထားသောဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများအား ထိရောက်ဟန့်တားသော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာဥပဒေအရ စွဲဆိုသည့် မှုခင်းများ၊ အကြမ်းဖက်မှုဆိုင်ရာဥပဒေအရစွဲဆိုမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး ဥပဒေအရစွဲဆိုသည့် မှုခင်းများကို ထိရောက်ဟန့်တားသော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊

ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် လာဘ်ပေးလာဘ်ယူမပြုလုပ်ကြရန် မိမိတို့၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို မထိခိုက်စေဘဲ ပြဋ္ဌာန်းဥပဒေများနှင့်အညီ ရိုးသားမှုကိုအခြေခံပြီး ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သကဲ့သို့ နိုင်ငံတော်၏မူဝါဒ၊ ကာလဒေသအခြေအနေတို့နှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် လေ့လာထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပ‌ဒေများကိုလည်း ကျေညက်စွာလေ့လာကြရန်လိုအပ်ကြောင်း၊ မိမိတို့အား ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ပေးမည်ဆိုပါက လုပ်ငန်းများကို စနစ်တကျစီမံကွပ်ကဲနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီတွင်ဥပဒေကို အဓိကထားလိုက်နာကြရမည်ဖြစ်၍ ဥပဒေအသိပညာပေးခြင်းကို ပြည်သူများ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းပရဟိတအသင်းအဖွဲ့များ ကျောင်းသား၊ ကျောင်းသူ Grade 11,12  ကျောင်းသားများထံသို့ ဥပဒေသဘောတရားများနှင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို သိရှိလိုက်နာ သဘောပေါက်အောင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း၊ ဟောပြော၊ ပညာပေးသင်တန်းများ အစဉ်တစိုက်ပို့ချသွားကြရန်လိုအပ်ပါကြောင်း၊ ရိုးသားမှုကိုအခြေခံပြီး ပွင့်လင်းမြင်သာစွာဖြင့် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားခြင်းအားဖြင့် အောင်မြင်သော ဥပဒေအရာရှိကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်/ ခရိုင်/ မြို့နယ် ဥပဒေအရာရှိများက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ်က လိုအပ်သည်များကိုဖြည့်စွက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)