ဘုတ်ပြင်း ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု၊ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ် ပညာရေးမှူး ဦးအောင်စိုးက ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မြဇော်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းတို့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် လမ်းဖြတ်ကူးသွားလာရာတွင်လည်း သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ယာဉ်စည်းကမ်း လိုက်နာခြင်းမရှိပါက အရေးယူ ဆောင်ရွက်မှု အခြေအနေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသုံးပြုသူများ လိုက်ရဆောင်ရွက်ရမည့် အကြောင်းအရာများကို အသီးသီးဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဗီဒီယိုပြသခဲ့သည်။
ဟောပြောပွဲအပြီးတွင် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)