ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲသို့တက်ရောက်

ဟိုပုံး ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချား ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုတဲ့ ဌာနရဲ့မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ကြားပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာဒီပလိုမာအဆင့် သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ‌ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်  ဓါတ်ခွဲစမ်းသပ်ပေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း စတဲ့လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာသင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းများနှင့် ယခုဖွင့်လှစ်တဲ့ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ ချလျက်ရှိပါကြောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ သာမန်လျာထားသင်တန်းများအပြင် လုပ်ငန်းရှင်များဖြစ်သည်အထိ မွေးထုတ်ပေးမည့် အသေးစားကုန်ထုတ်လုပ်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း (၇)မျိုးအနက် လူငယ်များအလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး‌ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်‌ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း၊ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်း စတဲ့စီမံကိန်းလုပ်ငန်းအမျိုးအစား (၃)မျိုးကို ကျေးရွာ (၁)ရွာလျှင် စီမံကိန်း (၁)ခုနှင့် ငွေကျပ် (၁၂)သန်းဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ဆိုရင်စီမံကိန်း (၆)ခု စုစုပေါင်းငွေကျပ် (၇၂)သန်းဖြင့် ‌အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး ဒေသခံပြည်သူများတောင်းဆိုတဲ့ နည်းပညာပေးသင်တန်းတွေကို အခြေခံသင်တန်း (၁)ကြိမ်၊ မွမ်းမံသင်တန်း (၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးတာနဲ့ သင်တန်းမှ ထူးချွန်သင်တန်းသား (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်များ ပေါ်ထွက်လာပြီး ထိုလုပ်ငန်းများမှသည် အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများပေါ်ထွန်းလာပြီး ထိုမှတဆင့် စက်မှုလုပ်ငန်းရှင်များဖြစ်လာသည်အထိ တက်လှမ်းနိုင်အောင်ကြိုးစားကြရန်၊ သို့မှသာ တိုင်းပြည်ဝင်ငွေတိုးတက်မှုရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းသားများအား သင်တန်းသုံးပစ္စည်းများကို ပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် သင်တန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါသင်တန်းကို ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ (၁၉)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)