ရေတာရှည်မြို့နယ်၌ အမှိုက်များ စနစ်တကျခွဲခြား စွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကျင်းပ

ရေတာရှည် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) အချိန်ခွဲအချိန်က မြောက်နန်ချွန် အ.ထ.က(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်က အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသူ/သားများက လက်တွေ့သရုပ်ပြသခဲ့ကြသည်။

ဆက်လက်ပြီး အ.ထ.က-ရေတာရှည်ကျောင်းတွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ရာ၊ အဆိုပါ အခမ်းအနားများသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)