ကျုံပျော်မြို့ အ-ထ-က(၁)၌ လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျုံပျော် ဇွန် ၂၁

လူငယ်များ ဗဟုသုတတိုးပွားရရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ လူငယ်အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျင်းပပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ အင်တာနက်နှင့် ဖုန်းအသုံးပြုခြင်း၏ ကောင်းကျိုးဆိုကျိုးများ ခွဲခြားတတ်စေရန်နှင့် ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ဆောင်ရွက်သင့်သည်များကိုလည်းကောင်း ဆွေးနွေးဟောပြောသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မေဝင်းက စားသုံးသူ၏အဓိပ္ပါယ်နှင့် အခွင့်အရေး၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ သိရှိထားရမည့်အချက်များ၊ စားသုံးသူအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှု၊ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှုတို့ကို  ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထူးရည်ရွှေက ကျောင်းကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ Dry Day အကြောင်းနှင့် သွေးလွန်တုပ်ကွေးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖုံး၊ သွန်၊လဲ၊ စစ်အကြောင်း သိကောင်းစရာတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် အသိပညာ‌ပေးဆွေးနွေးခဲ့သည်။

ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲ ကျင်းပပေးခြင်းသည် လူငယ်များ အသိပညာဖွံ့ဖြိုးပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်ဖြစ်ကြောင်း၊ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) ‌အခြေခံပညာအထက်တန်းကျောင်းမှ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စားသုံးသည့်အစားအစာများ သန့်ရှင်းလတ်ဆတ်၍ ရောဂါကင်းရှင်း‌စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များ၊ ကျောင်းမုန့်စျေးတန်း ကြီးကြပ်ကော်မတီ ဆရာမများက ကျောင်းမုန့်စျေးတန်းရှိ မုန့်ရောင်းချသူ (၂၀)ဦး၏ ရောင်းချပစ္စည်းများအား လိုက်လံစစ်ဆေးပြီး လိုအပ်သည်များအား အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)