နာဂဒေသ၊ နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နန်းယွန်း ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများပို့ချရာတွင် နည်းပြဆရာဖြစ်သင်တန်းနှင့် မဲရုံအလိုက် တာဝန်ထမ်းဆောင်ရမည့် မဲရုံအဖွဲ့ဝင်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း တက်ရောက်ခြ​င်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးနှစ်သစ်ကူးက အီလက်ထရောနစ်မဲပေးစက် လက်တွေ့အသုံးပြုနိုင်စေရေး သင်တန်းတက်ရောက်သင်ကြားရန်နှင့် မဲရုံတာဝန်များ‌ပေးအပ်နိုင်ရေး၊ သင်တန်းသားရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အစည်းအ‌ဝေးသို့ တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း စသည်တို့ကို မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က အဆိုပါဆွေးနွေးမှုအကျိုးရလဒ်များအောင်မြင်ရေး ဖြည့်စွက်ညှိနှိုင်း‌ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟန်ကမ်း (ပြန်/ဆက်)