သရက်ချောင်း ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ခ မ ရ (၄၀၅) တပ်ရင်းဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စိုင်းသူရဋ္ဌေးမှပျိုးပင်များပေးအပ်ရာ တပ်နယ်မိသားစုဝင်များက ပျိုးပင်များ လက်ခံရယူခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှခေတ္တဥက္ကဋ္ဌ ဦးကျော်ဇင်မှ ပျိုးပင်များပေးအပ်ရာ ပညာရေးဌာနနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပျိုးပင်များလက်ခံရယူခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လွင်မှ ပျိုးပင်များပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီးနောက် တက်ရောက် လာသူများမှ သတ်မှတ်နေရာအသီးသီးတို့၌ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ပျဉ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ သစ်ရှို၊ သင်္ကန်း ပျိုးပင်ပေါင်း ၅၀၀ ပင်အား စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်၌ မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်/ပျိုးပင်များစိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ပျဉ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ သစ်ရှို၊ သင်္ကန်း ပျိုးပင်ပေါင်း ၂၈၀၀၀ ပင်အား ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးဦးထံမှသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)