ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် လူနေမှုဘဝ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါလာနိုင်သည့် ဆိုးကျိုးများ၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှဖြစ်တတ်သော ကျန်းမာရေးဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကျောင်းသား၊  ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်မှဝေးကွာပြီး ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲမင်းထက်