ကယားပြည်နယ် (ဒုတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇွန် ၂၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က လွိုင်ကော်တက္ကသိုလ်ပရိဝုဏ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပျိုးပင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများအတွက် ဖြန့်ဝေပေးအပ်ရာ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူးက လွိုင်ကော်တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များအတွက်လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့အတွက်လည်းကောင်း ပျိုးပင်များကို ဖြန့်ဝေပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား စိုက်ပျိုးပေးပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာသူကြသူများက သတ်မှတ်နေရာများ၌ သစ်ပင်များ စိုက်ပျိုးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့်ဒေသခံပြည်သူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ယခု ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ခါတော်မီ၊ ဝါး၊ ကံ့ကော်နှင့် ဆီသပြေ စသည့် ပျိုးပင်()မျိုး စုစုပေါင်း ပျိုးပင် ၃၀၀၀ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)