စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေါင်းဖန်းလက်တွန်းထွန်စက်များ၊ သွင်းအားစုယူရီးယား ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၂၁           

၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ(နေကြာနှင့်နှမ်း) ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုယူရီးယားဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်ရှိ ကျေးရွာ (၈)ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆီထွက်သီးနှံများအား ပိုမိုအောင်မြင်အောင် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်းသီးနှံများ ထွက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့် နေကြာသီးနှံ စိုက်ဧကများလျာထားချက်ပြည့်မီစေရေးနှင့် ပန်းတိုင်အတွက်နှုန်းရရှိရေးအတွက် သတ်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူကြီးများမှ ဝိုင်းဝန်းပူးပေါင်းပြီး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(နေကြာနှင့်နှမ်း) စိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း လယ်ယာမြေသုံးစွဲစိုက်ပျိုးနေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆည်တမံများမှ စိုက်ပျိုးရေးပေးဝေနေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေအားလည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနေမှုနှင့်ပေးအပ်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အသား/ဥ မွေးမြူထားရှိမှုများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များတွင် ပြည်သူများ ငါးစားသုံးမှု ဖူလုံပြည့်ဝစေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ(နေကြာနှင့်နှမ်း) ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာ (၈)ရွာမှ ဒေသခံတောင်သူ (၃၅၀)ဦးအတွက် တောင်သူများနှင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများထံ ဒေါင်ဖန်းလက်တွန်းထွန်စက်များ၊ သွင်းအားစု ယူရီယားဓာတ်မြေသြဇာ (၃၅၀)အိတ်နှင့် လယ်ယာသုံးစက်မောင်းဆီ ဂါလံ(၁၀၅၀) တို့အားအသီးသီး ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နီဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းအတွင်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လက်တွန်းထွန်စက်များ၊ လက်ဆွဲမျိုးစေ့ချကိရိယာများအား ကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာမှ ဒေသခံတောင်သူ (၃၅၀)ဦးအား လယ်ယာသုံးစက်မောင်းဆီများ ခွဲဝေပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)