တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ငါးကဏ္ဍဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

တိုက်ကြီး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင်ငါးကဏ္ဍကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါကဏ္ဍအတိုးရငွေ ၅၀ ရာခိုင်နှုန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။

တိုက်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖိုးခေါင်ကျေးရွာအုပ်စု ကံကလေးအေကျေးရွာတွင် မြစိမ်းရောင်ငါးကဏ္ဍ၏ အတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၄၂၆၅၀၀၀၊ စုစုပေါင်းငွေကျပ် ၁၄၂၆၅၀၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာတွင်း၌ အရှည် ၂၃၁ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)