မြန်အောင် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(ခွဲ)ရေနံမြေကျောင်းတွင် ယနေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း၊ အမှိုက်ခွဲခြားစွန့်ပစ်ရေး၊ Online လိမ်လည်မှုနှင့် Mobile Phone အန္တရာယ်အကြောင်း၊ စားသုံးသူရေးရာများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ)ရေနံမြေ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ချိုက အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၂)ဟင်္သာတမှ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်နိုင်သော ပတ်ဝန်းကျင် အခြေအနေများ၊ လူကုန်ကူးမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းလိုက်နာရေး၊ Online လိမ်လည်မှုနှင့် Mobile Phone အန္တရာယ်အကြောင်း အသိပညာပေးဟောပြော၍ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းထွေးက အမှိုက်ပုံးများထားရှိ၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရန်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်စသည်တို့အား ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေးဟောပြော၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်က မုန့်နှင့်အစားအစာများ အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသောက်တတ်စေရန် အသိပညာပေးဟောပြောခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်)