သထုံ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၈) ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲကို သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၌ ဇွန်လ ၁၈ ရက် နေ့လယ် ၁၂ နာရီအချိန်မှ စတင်ကျင်းပရာ စာမေးပွဲ၏ ပထမနေ့အဖြစ် အနယ်နယ်အရပ်ရပ်မှ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ပထမအဆင့်မှ သတ္တမအဆင့်အထိ ဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော် ၁၆၃ ပါးနှင့် သီလရှင် ၂၈ ပါး စုစုပေါင်း ၁၉၁ ပါးတို့က အဆင့်အလိုက် ဖြေဆိုတော်မူကြပြီး စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှ ကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း စသည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံအစုံစုံကို အဆင့် ၇ ဆင့်ခွဲ၍ တစ်ဆင့်လျှင် ၇ ကျမ်းဖြင့် ၇ ရက်ဖြေဆိုရကာ ကျမ်းပေါင်း ၄၉ ကျမ်းကို ၇ နှစ်ဝင်ရောက်ဖြေဆိုရပြီး ပထမ၊ ဒုတိယနှင့် တတိယအဆင့်တို့ကို ဖြေဆိုအောင်မြင်ပါက သာသနဇောတိပါလ ဓမ္မာစရိယ(ဒုတိယစာချ)ဘွဲ့ကိုလည်းကောင်း၊ စတုတ္ထနှင့် ပဉ္စမအဆင့်တို့ကို ဆက်လက်အောင်မြင်ပါက သာသနဟိတဂဏဝါစက အာစရိယ (ပထမစာချ)ဘွဲ့နှင့် အဘိဝံသဘွဲ့ထူးတို့ကိုလည်းကောင်း၊ ဆဋ္ဌမနှင့်သတ္တမအဆင့်တို့ကိုပါ အောင်မြင်ပါက ပိဋကတ္တယပါရဂူဘွဲ့ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည့် ထင်ရှားသည့် ပရိယတ္တိစာမေးပွဲကြီးဖြစ်သည်။
အဆိုပါစာမေးပွဲကို ၁၉၂၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ကြားကာလ၌ အကြောင်းကြောင်းကြောင့် ၅ ကြိမ်ခန့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ယခုနှစ်တွင် (၉၈)ကြိမ်မြောက်အဖြစ် ဇွန်လ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။
ခရိုင် (ပြန်/ဆက်)