မော်လမြိုင် ဇွန် ၂၀
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၆ ရက်နေ့ နေ့လယ်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် တင်ထွန်းနိုင်က မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် လိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း၊ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)