မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် ဇွန် ၂၀

မွန်ပြည်နယ်၊ မော်လမြို့င်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မွန်ပြည်နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ အဓိကဆောင်ရွက်ရမည့်လုပ်ငန်းမှာ ပုံမှန်အစည်းအဝေးကျင်းပရန်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေများကို ပြန်လည်ပြင်ဆင်ရန်နှင့်အသစ်ရေးဆွဲရန်၊ ကျွန်တော်တို့ရဲ့ မွန်ပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မည့်သူများကို အသိပညာပေးရန်နှင့် ယင်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်ဖြစ်တဲ့အတွက် ထိုသို့ဆောင်ရွက်ရာမှာ ‌အောင်မြင်ဖို့ ကျွန်တော်တို့ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ အဖွဲ့ဝင်များကလည်း မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းတာဝန်များအပေါ် အခက်အခဲများ၊ လိုအပ်ချက်များ၊ အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုပါကြောင်း၊ လုပ်ငန်းစီမံချက်ပါ ဥပဒေများကို ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းပြုလုပ်နိုင်ရန် ကလေးအလုပ်သမားပပျောက်ရေးဆိုသည့် လုပ်ငန်းကြီးကို ဆောင်ရွက်တဲ့နေရာမှာ ကလေးများ၏ အခွင့်အရေးတာဝန်များနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ဖြစ်ဖို့လိုတဲ့အပြင် ခေတ်အခြေအနေနှင့်အညီ လိုက်လျောညီထွေဖြစ်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ရမှာဖြစ်ကြောင်း၊ ကလေးသူငယ်များသည် မိမိတို့၏ သားသမီးများဖြစ်သည်နှင့်အညီ ကလေးအလုပ်သမားနှင့် သက်ဆိုင်ရာ ဥပဒေများဖြစ်သည့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ၊ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေ၊ ၂၀၂၂ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပ‌ဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ၊ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများကို ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်သည့်ဌာနအလိုက် သေချာစွာ လေ့လာထားဖို့လိုအပ်မှာဖြစ်ကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ပထမ ငါးနှစ်တာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၀၂၄-၂၀၂၈ ဒုတိယငါးနှစ်တာ ကလေးအလုပ်သမားစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပပျောက်အောင်လုပ်ဖို့ အချိန်တိုတိုနဲ့ဆောင်ရွက်ဖို့ ခက်ခဲနိုင်ပေမယ့် လျော့နည်းအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဥပဒေရေးရာဆပ်ကော်မတီအနေဖြင့်လည်း ကလေးအလုပ်သမားပပျောက်စေရေးအတွက် ပြည်သူများသိရှိစေရန် လက်ကမ်းစာစောင်များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခြင်း၊ သက်ဆိုင်ရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စကားဝိုင်းဆွေးနွေးပွဲများ ပြည်သူကြားထဲမှာ မကြာမကြာပြုလုပ်ခြင်း၊ လုပ်ငန်းရှင်များ၊ အလုပ်ဌာနများနှင့် အစိုးရမဟုတ်သော ဌာနဆိုင်ရာများတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောခြင်းများ၊ ထို့အပြင် နိုင်ငံတော်၏ပညာရေးကဏ္ဍတွင် ကလေးသူငယ်များအား အပြည့်အဝအခမဲ့ပညာသင်ကြားစေရေး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်မှ ဦးစားပေးစီမံကိန်းနယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား သတ်မှတ်ထားသည့်အတွက် မွန်ပြည်နယ်၏ ကလေးအလုပ်သမားပပျောက်ရေးစီမံချက်ကို ပူးပေါင်းအကောင်အထည်ဖော်‌ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်က မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစီမံချက်ပါ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)