ပေါင် ဇွန် ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှုကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၇ ရက်နေ့နံနက်ပိုင်းက ကျုံဟော်ကျေးရွာရှိ ရင်းငြိမ်ရေထိန်းတံခါး၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ရင်းငြိမ်ရေထိန်းတံခါးနှင့် သက်ဆိုင်သည့် လယ်မြေများကို မိုးစပါးစိုက်ချိန်တွင် ရေကြီးနစ်မြုပ်မှုမှကာကွယ်ရန်၊ နွေစပါးစိုက်ချိန်တွင် ပင်လယ်ရေငန် ဝင်ရောက်မှုမရှိစေရေးနှင့် ရေချိုသိုလှောင်ထိန်းသိမ်းထားမှုရှိစေရန်အတွက် ရင်းငြိမ်ရေထိန်းတံခါး လုပ်ငန်းလည်ပတ်မှုကောင်းမွန်စေရေး၊ ပင်လယ်ရေငံဝင်ရောက်မှုမရှိစေရေး၊ နှုန်းတင်ကျန်မှုများ မရှိစေရေးနှင့် ရေစီးအားကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ပေါင်မြို့နယ်သည် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံစေရေးအတွက် မိုးစပါးအပြင်နွေစပါးနှင့် အခြားသီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)