ပန်းတနော် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) လေ့ကျင့်ရေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အထက်တန်းအဆင့်) စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲအား ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိရှိစေရန်၊ စာပေဖတ်ရှုမှုတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)