ပုသိမ် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပုသိမ်)၏အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြသူနာပြု သင်တန်းကျောင်းများတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲများကို ကျင်းပလျက်ရှိပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပါကြောင်း၊ ကျေးလက် ဒေသနေ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် သူနာပြု၊ သားဖွားများသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သူများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခံရသည့်အချိန်မှစ၍ သူနာပြုတစ်ဦး၏ အဆောင်အယောင်နှင့် လျော်ညီသော သူနာပြုကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း၊ ထားရှိရမည့် သူနာပြုစိတ်ထား၊ မြင့်မြတ်သောခံယူချက်များနှင့်အတူ အမှန်စင်စစ် သူနာပြု-သားဖွားများပီသစွာ သူနာပြုစုမှု လုပ်ငန်းများကို တာဝန်ကျေကျေထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံ့အကျိုးပြု သူနာပြုကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အဖက်ဖက်က ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့စိတ်ဓာတ်ကောင်း၊ အလေ့အကျင့် ကောင်းများမှသည် ဖလောရင့်စ်နိုက်တင်ဂေးလ်ကဲ့သို့ အများက လေးစားအတုယူရသည့် သူနာပြု-သားဖွားဆရာမကောင်းများကို ဂုဏ်ယူစွာ ဆက်လက်မွေးထုတ်သွားကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ ၂၀၂၄ ဒီဇင်ဘာလတွင် ခန့်အပ်လိုက်သော သူနာပြုသင်တန်းကျောင်း(၃)ကျောင်းမှ သစ်လွင်သူနာပြုများသည် ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကူညီ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ မွေးထုတ်ပေးသော သစ်လွင်သူနာပြုများဖြစ်သည့် အတွက် တိုင်းဒေသကြီးအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ယခုကဲ့သို့ စိတ်ဓာတ် ကောင်းသော၊ ကိုယ်ကျိုးမကြည့်သော သူနာပြု ဆရာ/ဆရာမကောင်းများ ထပ်မံမွေးထုတ် သွားနိုင်ရန်လည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါတွင်လည်း နေရာဒေသမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆက်လက် ထမ်းပိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း” ပြောကြားသည်။
ထို့နောက် ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ်ကြီးတို့က သင်တန်းသူများအား ဦးဆောင်းများကိုလည်းကောင်း၊ ပုသိမ်မြို့သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်က သင်တန်းသားများအား ဂျူတီကုတ်များကိုလည်းကောင်း အသီးသီးအပ်နှင်းခဲ့ပြီးသင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသည့် ပထမနှစ်သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ထူးချွန်ဆုရရှိသည့် ဒုတိယနှစ်မှ သင်တန်းသူများကို ဆုများဆက်လက်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်း သား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ သူနာပြုနှင့်သားဖွာ းသင်တန်းကျောင်း(ပုသိမ်) အပတ်စဉ် (၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၇၆) ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခဲ့သည်။
လှမင်းထွဋ်