သရက်ချောင်း ဇွန် ၂၀
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ် အသိ ပညာပေးဟောပြောပွဲနှင့်ပြပွဲများကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လွင်က အသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းခြင်း၊ ဖုန်းသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများအကြောင်း၊ လက်နက်စွဲကိုင် အကြမ်းဖက်မှုများနှင့် ပြည်တွင်း မငြိမ်မသက်မှုဖြစ်စေရန် ကြံစည်မှုတို့၌ မူးယစ်ဆေးဝါးကို ဘဏ္ဍာရေးအတွက်လည်းကောင်း၊ အကြမ်းဖက်တိုက်ခိုက်ရန်အတွက်အသုံးချလာခြင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်တိုက်ခိုက်လာသော မူးယစ်ဆေးဝါးအသုံးချမှုများကို အမြစ်ပြတ်သည်အထိ တိုက်ဖျက်ရာတွင် ကျောင်းသား/သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်ကူညီကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ကျောင်းသား/သူများအား မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များ အကြောင်းကိုပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ကျောင်းသား/သူများအား မေးခွန်းများဖြင့် မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို သိရှိနားလည်စေရန် သုတ၊ ရသ စာအုပ်/စာစောင်များလည်းခင်းကျင်းပြသကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)