ငပုတောမြို့နယ် အ.ထ.က(ခွဲ) ရေငံသရက်ကုန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကျင်းပပြုလုပ်

ငပုတော ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် အ.ထ.က(ခွဲ) ရေငံသရက်ကုန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို အ.ထ.က(ခွဲ) ရေငံသရက်ကုန်းအခြေခံပညာအထက်တန်းကျောင်းစု‌ဝေးကွင်းတွင် ယမန်နေ့ ညနေပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအ.ထ.က(ခွဲ)ရေငံသရက်ကုန်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး အ.ထ.က(ခွဲ)ရေငံသရက်ကုန်း၊ ကျောင်းအုပ်ဆရာမကြီးက‌ ဒေါ်ချောစုစုဟန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးသစ္စာခံယူခြင်းကို Grade11 မှ ကျောင်းကောင်စီအတွင်းရေးမှူးက ဦးဆောင်တိုင်ကြားသည်။

ဆက်လက်ပြီး တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ခြင်းနှင့် လက်ခံရယူခြင်းကို ကျောင်းအုပ်ဆရာမကြီးနှင့် အသင်းတာဝန်ခံဆရာ/ဆရာမများက ပေးအပ်ရာ အသင်းခေါင်းဆောင်များက အသီးသီးလက်ခံရယူခဲ့ကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)