မော်လမြိုင် ဇွန် ၂၀
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ စျေးများနှင့်ဌာနဆိုင်ရာရုံးများတွင် ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန်ရည်ရွယ်၍ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး သရုပ်ပြသဆောင်ရွက်ခြင်းကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ စုပေါင်းရုံး၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးသက်နိုင်က ဌာနဆိုင်ရာ ဝန်းထမ်းများနှင့် အများပြည်သူများ မိမိနေအိမ်မှ စတင်၍ မိမိပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကို စနစ်တကျခွဲခြား စွန့်ပစ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရေး ပညာပေးပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စွန့်ပစ်ပစ္စည်းများလေးမျိုးခွဲခြား၍ အမှိုက်ပုံးများ လေးလုံးထားရှိပြီး အမှိုက်စွန့်ပစ်သည့် စနစ်အား စံပြဆောင်ရွက်နိုင်ရေးအတွက် ပလတ်စတစ်အမှိုက်အတွက်၊ အပြာရောင်ပုံး၊ အမှိုက်စိုအတွက် အစိမ်းရောင်ပုံး၊ အမှိုက်ခြောက်အတွက် အဝါရောင်ပုံးနှင့် အန္တရာယ်အမှိုက်အတွက် အနီရောင်ပုံးများဖြင့် စနစ်တကျစွန့်ပစ်နိုင်ရေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေးသရုပ်ပြဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ စျေးများနှင့်ဌာနဆိုင်ရာရုံးများတွင် ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်နိုင်စေရန်၊ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် အသိပညာပေးသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)