သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့ လယ်ကိုင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မအူပင် ဇွန် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယမန်နေ့နံနက်(၁၁)နာရီက မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာရှိ လယ်ကိုင်းဘုန်းတော်ကြီးကျောင်းသာသနာ့ဗိမာန်သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းမှ လယ်ကိုင်းကျေးရွာအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု နှင့် လုပ်ငန်းထူထောင်သူများ၏ (၁)လပျမ်းမျှဝင်ငွေရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးမှ ဆောင်ရွက်ထား ရှိမှုများအား လမ်းညွှန်အမှာစကားပြောကြားသည်။

ဆက်လက်၍‌ ဒေသခံပြည်သူများမှ သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ကိုင်းကျေးရွာရှိ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ထားသည့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းနှင့် စက်ချုပ်ဆိုင် လုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ လယ်ကိုင်းကျေးရွာရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်