ညောင်လေးပင်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ညောင်လေးပင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြပွဲတို့ကို ဇွန် ၁၇ ရက်နေ့ မွန်းလွဲ (၁၄) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဌေးက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေးလှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်၏သဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဆက်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် အ.ထ.က (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ လက်တွေ့ဆက်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ညောင်လေးပင်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦးရေ (၄၅၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)