ဖျာပုံ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.လ.က(ခွဲ) အချာကြီး ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောရာတွင် အ.လ.က(ခွဲ)အချာကြီးကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးထိုက်က အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်က “လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ယနေ့လူငယ်များသည် အနာဂတ်၏မျိုးဆက်သစ် လူငယ်များ ဖြစ်သည့်အတွက် ပညာရည်မြင့်၊ ဥာဏ်ရည်မြင့်သည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် ပညာကိုကြိုးစားသင်ယူကြရန်နှင့် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ် စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်”အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော စာအုပ်၊ စာစောင်ပြပွဲနှင့်၊ နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်