ဟင်္သာတ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာရှိ တောင်သူ ဦးကိုဌေးပိုင် ကွင်းအမှတ်(၁၄၆၃)၊ ဦးပိုင်အမှတ်(၁၁၃)၊ စိုက် ဧရိယာ (၇.၀၀)ဧကတွင် ယမန်နေ့နံနက် ၈ နာရီက ခြောက်တန်းသွား(KUBOTA) ကောက်စိုက် စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးငြိမ်းသောင်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စက်မှုလယ်ယာဝန်ထမ်းများမှ ခြောက်တန်းသွား(KUBOTA) ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခဲ့ရာ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများမှ ဟင်္သာတမြို့နယ်၊ ကုန်းကြီးအုပ်စု၊ နတ်မော်လမ်းရှိ ဟင်္သာတခရိုင်စက်မှုလယ်ယာဦးစီးမှူး ရုံးဝင်းအတွင်း၌ အောင်နိုင်တိုးစပါးမျိုးနှင့် ဆင်းသုခမျိုးစပါးများအား သတ်မှတ်ရက်အလိုက် အဆင့်ဆင့် ပျိုးထောင်ထားရှိမှု အခြေအနေများ၊ ပျိုးထောင်ပုံ နည်းစနစ်များနှင့်ပတ်သက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးအောင်ကိုကိုတင်မှ ရှင်းလင်းတင်ပြမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါအခမ်အနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းသောင်းနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)