ရေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေး

ရေး ဇွန် ၁၉

မွန်ပြည်နယ်၊ ရေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၉ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့အထိ ကျေးရွာအုပ်စု ၁၃ အုပ်စုမှ တောင်သူ ၁၉၈ ဦးတို့၏  စိုက်ဧက ၁၂၀၅  ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း  ၁၈၀၇ ဒသမ ၅၀  ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်တင်မျိုးခိုင်က ချေးငွေထုတ်ယူမည့်  တောင်သူများအနေဖြင့်   ပုံစံ(၇)အမည်  ပေါက်ရှိရမည်ဖြစ်ကြောင်း၊ မိုးစပါးချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊   အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြားပါရှိမှသာ စိုက်ပျိုးချေးငွေများ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးအတွက်  မိုးစပါးစိုက်ဧက တစ်ဧကလျှင်  ငွေကျပ်တစ်သိန်း  ငါးသောင်းနှုန်း ထုတ်ချေးခြင်းဖြစ်ပြီး အများဆုံး ၁၀ ဧက အထိ  ထုတ်ချေးပေးကြောင်း၊ ချေးငွေများကို  လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးပြုကြရန်လိုအပ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ သတ်မှတ်ကာလအတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ရေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ဧကပေါင်း ၇၀၀၀ အတွက် စုစုပေါင်းငွေကျပ်သိန်းတစ်သောင်းငါးရာ လျာထားဆောင်ရွက်လျက် ရှိပြီး အလားတူကျန်ရှိသည့်ကျေးရွာများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ