ပဲခူး ဇွန် ၁၉
ပဲခူးမြို့နယ် သစ်တောဦးစီးဌာနနှင့် ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၇ ရက်နေ့က ထုံးကြီးကျောက်တန်းကျေးရွာရှိ ပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပန်းပျိုးလက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော်က ကြိုဆိုနှုတ်ခွန်းစကားမိန့်ကြားပြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ထွန်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းဗွီဒီယိုအား ပြသခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များ ပေးအပ်ခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အင်းတကော်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့ မြန်မာနိုဘယ်အင်ဂျင်နီယာကောလိပ်မှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ပန်းပျိုးလက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော်နှင့်အတူ အင်းတကော်-ကျောက်တန်း လမ်းဘေးဝဲယာတွင် စိမ်းလန်းစိုပြည်ရေးအနေဖြင့် အရိပ်ရအပွင့်ပွင့်ပြီး မျက်စိပသာဒဖြစ်စေသည့် ခရေ၊ ကံ့ကော်၊ ပိတောက်၊ ပျဥ်းမ၊ ငုရွှေဝါ၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ တယ်၊ မန်ဂျန်ရှားစသည့် ပျိုးပင်ပေါင်း(၁၁၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)