ပုသိမ် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ(၁၇)ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးကျော်စွာဝင်းက ကျောင်းသား၊ ကျောင်းသူများအား အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်စေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို အရောင်များခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်စေရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရေး အသိပညာပေးဟောပြောကာ ကျောင်းသား၊ ကျောင်းသူများက အမှိုက်ပုံးများအတွင်း လက်တွေ့စွန့်ပစ်သရုပ်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ပုသိမ်မြို့အတွင်းရှိ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်က စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရန်အတွက် စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အမှိုက်ပုံးများခွဲခြားထားရှိခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပတ်စဉ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များကို ပလတ်စတစ်လျှော့ချရေးနေ့အဖြစ် သတ်မှတ်၍ ပြည်သူအားလုံး ပလတ်စတစ်အစားထိုးပစ္စည်းများသုံးစွဲရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ခြင်းဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန်၊ အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်စေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို အရောင်များခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များက အမှိုက်ပုံးများအတွင်း အမှိုက်စွန့်ပစ်ခြင်းများကို လက်တွေ့စွန့်ပစ်သရုပ်ပြခဲ့ကြသည်။
အမှိုက်စွန့်ပစ်ရန်အမှိုက်ပုံးများကို အရောင်(၄)မျိုးဖြင့်ခွဲခြား၍ ပုသိမ်မြို့၊ နံ့သာကုန်းအမှိုက်ပုံတွင် အမှိုက်ပုံး(၄)ပုံးမှ အမှိုက်များအား အမှိုက်စိုများကို သဘာဝဩဂဲနစ်မြေဩဇာပြန်လည်ထုတ်လုပ်ခြင်း၊ အမှိုက်ခြောက်များကို ပြန်လည်အသုံးပြုနိုင်မည့်ပစ္စည်းများအားရွေးချယ်၍ ပြုပြင်ရောင်းချခြင်း၊ ဘေးအန္တရာယ်ရှိအမှိုက်များကို စနစ်တကျမီးရှို့ဖျက်ဆီးခြင်း၊ ပလတ်စတစ်အမှိုက်များကို ကော်စေ့ထုတ်စက်ရုံများသို့ ပြန်လည်ရောင်းချခြင်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပုသိမ်မြို့အတွင်း နေ့စဉ်စွန့်ပစ်အမှိုက်ပေါင်း တန်(၅၀)ခန့်ထွက်ရှိကြောင်း သိရပါသည်။
ကျော်ဟိန်း(ပြန်/ဆက်)