ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)တက်ရောက် 

ပုသိမ် ဇွန် ၁၉

တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများကို ဇုန်များခွဲ၍ အားကစားနည်း(၁၅)မျိုးကို ဇုန်အလိုက် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဧရာဝတီ တိုင်းဒေသကြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအနေဖြင့် ပုသိမ်ဇုန် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များနှင့် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိစေရေး အတွက် ပြိုင်ပွဲကျင်းပခြင်းနှင့် လူရွေးချယ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲသည် အောင်မြင်မှုရရှိသည့် အားကစားနည်းဖြစ်၍ မြို့နယ်၊ ခရိုင်အလိုက် လူရွေးချယ်ခြင်းများကို ကြိုတင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရန်အခြေခံမှစ၍ နည်းစနစ်ကောင်းကောင်း၊ လေ့ကျင့်မှုကောင်းကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ပါက တိုင်းဒေသကြီးအနေဖြင့် မျှော်မှန်းသည့် နေရာကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းနှင့်ဘောလုံးပြိုင်ပွဲများ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရာတွင် လိုအပ်သည့်အားကစားကွင်း၊ အားကစားရုံ၊ တည်းခိုဆောင်၊ သွားလာမှုနှင့် ရေ၊ မီးစုံလင်စွာ ရရှိရေးအတွက် အချိန်မီပြင်ဆင်ဆောင်ရွက်ရန် လိုပါကြောင်း၊ အားကစားသမားများ စခန်းသွင်းလေ့ကျင့်ချိန်တွင် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေး တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဖွဲ့စည်း ထားရှိမှုနှင့် တာဝန်များ၊ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီအတွင်းရေးမှူးက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ၊ အသက် (၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပနိုင်ရန် တည်းခိုဆောင်၊ အားကစားကွင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် လူရွေးချယ်ခြင်းများ စနစ်တကျ ဆောင်ရွက်ပြီးစီးမှု၊ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် မျှော်မှန်းထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်ဌာနဆိုင်ရာများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအနေဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်