အင်္ဂပူမြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေး အ.မ.က(ရေကျော်)သို့ ကွင်းဆင်းဆောင်ရွက်

အင်္ဂပူ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်းပြီး စာဖတ်ရှိန်မြင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ အ.မ.က (ရေကျော်)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန်က ကျောင်းသား၊ ကျောင်းသူများအား  စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်များကို အသုံးပြုပြီး သုတ၊ ရသစာအုပ်ကောင်းများကို ‌လေ့လာဖတ်ရှုသည့် အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ယခုလိုကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူ‌ရေးရာဦးစီးဌာနမှ အကြီးတန်းစာ‌ရေး ဒေါ်ဝင်းမာစိုးက စားသုံးသူအခွင့်အရေးများအား ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များပြသခြင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းကျော်