မုံရွာမြို့၌ ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မုံရွာ ဇွန် ၁၉

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အသင်းအုပ်ချုပ်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများက အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ရေဦးမြို့နယ်ပိုက်ကျော်ခြင်းအသင်းနှင့် ကလေးမြို့နယ် ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ ရေဦးမြို့နယ်အသင်းမှ ကလေးမြို့နယ် အသင်းအား ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က အမျိုးသား၊ အမျိုးသမီးပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် နောက်ထိန်း၊ ရိုက်ခုတ်၊ ပင့်ထောင် အကောင်းဆုံး ဆုရရှိကြသည့် အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဆားလင်းကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကလေးမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကန့်ဘလူမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကလေးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ကျွန်းလှမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေ ကျပ် ၃ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ရေဦးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ၅ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ဆုရအသင်းများနှင့် စုပေါင်းမှတ်တမ်းဝင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ ၁၄ ရက်မှ ဇွန်လ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း အမျိုးသား ၂၇ သင်း၊ အမျိုးသမီးအသင်း ၂၀ သင်း ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၃၀၃ ဦးဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)