ချောင်းဆုံ ဇွန် ၁၈
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နဲ့ ငါးမျိုးများ ပွားများလာစေရန် ရည်ရွယ်ပြီး မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက်(၈)နာရီက ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက် မဟာကန်တော်ကြီး သဘာဝ ကန်ရေပြင်မှာပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီများ တက်ရောက်ခဲ့သည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ငါးအလွန်အကျွံ ဖမ်းဆီးခြင်းကြောင့်လည်းကောင်း၊ သဘာဝအရလည်းကောင်း၊ ငါးသယံဇာတလျော့နည်း ပျက်စီးသွားမှုကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက် သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေခြင်းဖြစ်ကြောင်း၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေပြီး ရေထွက်ကုန်များမှ အစားအစာဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများမှ မဟာကန်တော်ကြီး သဘာဝကန်ရေပြင်အတွင်းသို့ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအတွက် သထုံမြို့နယ်ငါးလုပ်ငန်းစခန်းမှ (၂)လက်မနှင့် အထက် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅)သောင်း နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁)သိန်း(၅)သောင်းခန့်ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)