ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ

ပန်းတနော် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ရွှေနော်သီရိခန်းမ၌ မူလတန်းအဆင့် ပုံပြော ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအဖွဲ့အစည်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စဥ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ အခြေခံပညာမူလတန်းကျောင်း(ရွာသစ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပုံပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေး လူငယ်များအတွက် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)