ဒေးဒရဲ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) ရပ်ကွက်၊ တိုးတက်အောင်ရေယာဥ်ဆိပ်ကမ်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မိုးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြခဲ့ကြကြောင်း သိရသည်။
အေဇာလင်း