ကျွန်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျွန်းလှ ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးသူငယ်များ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုဆိုင်ရာ အကြောင်းအရာများ၊ ကလေးအလုပ်သမားဆိုင်ရာ အရေးယူမှုဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်နှင့်ငွေဒဏ်များ စသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာနံရံကပ်စာများ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို