စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

မုံရွာ ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် သဲကန္တရဖြစ် ထွန်းမှုနှင့် ပူပြင်းခြောက်သွေ့မှုဆိုင်ရာ အသိပညာများ မြင့်မားလာစေရန်၊ သဲကန္တရဖြစ်ထွန်းမှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့် ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှားခြင်းအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအား မြှင့်တင်ပြီး ပြင်းထန်သည့်မိုးခေါင်ရေရှားမှု/သဲကန္တရဖြစ်ထွန်းမှုတို့အား ကြုံတွေ့နေရသည့် နိုင်ငံများအတွက် UNCCD မှဆောင်ရွက်နေသည့် သဲကန္တရတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုအားကောင်းလာစေ ရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အလိုက် ဒေသခံလူထု၏ ပူးပေါင်းပါဝင်မှုနှင့် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် စိမ်းလန်းစိုပြေပြီး ရာသီဉတုကောင်းမွန်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောဒေသကြီး ဖြစ်ပေါ်လာစေရန်အတွက် အရှိန်အဟုန်မပြတ် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် UNCCD မှပေးပို့သည့် သဝဏ်လွှာ၊ UNCCD မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအကြောင်းအရာများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သဲကန္တရဖြစ်ထွန်းမှုနှင့် မိုး ခေါင်ရေရှားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာ Video Clip အား ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်း မှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးနေသည့် စွမ်းအားမြှင့်မီးဖိုများနှင့် ဆုရစာစီစာကုံးများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)