ချောင်းသာမြို့တွင် အမှိုက်များခွဲခြားစွန့်ပစ်ရန်နည်းလမ်းများ လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်                                                                                                                          

ချောင်းသာ ဇွန်  ၁၈

ဧရာဝတိတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများအမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဦးက အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်အမျိုးအစား (၄) မျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသောအမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေးအတွက် အသိပညာပေး ဟောပြောသည်။

ထို့နောက် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို မြို့စည်ပင်သာယာရေးဝန်ထမ်းများက ဦးဆောင်သရုပ်ပြသပြီး သရုပ်ပြပွဲသို့တက်ရောက်လာသော မြို့အဆင့်ဌာနဆိုင်ရာများ၊ စျေးကော်မတီများ၊ စျေးသူ/စျေးသားများက အမှိုက်စွန့်ပစ်ခြင်းအား လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး အလားတူ မြို့စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများအား အမှိုက်များအား အမျိူးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)