ဒေးဒရဲ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ နေအိမ်နှင့်လုပ်ငန်းများက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က မြို့နယ်သန့်ရှင်းသာယာစေရေး အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ဇာနည်ထိုက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်စေရေး အမှိုက်စို၊ အမှိုက်ခြောက်၊ ပလက်စတစ် အမှိုက်နှင့်ဘေးအန္တရာယ်ရှိသော အမှိုက်အမျိုးအစား စနစ်တကျခွဲခြား စွန်ပစ်ရေးနှင့် အမှိုက်ပုံး အရောင်သတ်မှတ်ခြင်းတို့ လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် အမှိုက်စိုများဖြစ်သည့် မီးဖိုချောင်ထွက် စွန့်ပစ်အမှိုက်များ၊ သစ်သီးအခွံများနှင့်အစေ့အဆံများ၊ စားကြွင်းစားကျန် အသားငါးများ၊ စျေးနှင့်စားသောက်ဆိုင်များက ထွက်ရှိသော စွန့်ပစ်ပစ္စည်း များအား အမှိုက်ပုံးအစိမ်းရောင်တွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သည့် ခြောက်သွေ့သော စက္ကူပုံးများ၊ ဖန်ပုလင်းများ၊ သံတိုသံစ၊ သတ္တုပစ္စည်းများ၊ အဝတ်အထည်နှင့် ပိတ်စများစသည့် စွန်ပစ်ပစ္စည်းများအား စွန့်ပစ်ရန် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ် အမှိုက်များအတွက် ပလတ်စတစ်သုံးပစ္စည်းများနှင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များဖြစ်သည့် လျှပ်စစ်စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်ဘတ္ထရီအိုးများ၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးဘူးများ၊ မှုတ်ဆေးဘူး အမျိုးမျိုးနှင့် မိတ္တူကူးစက်များကထွက်ရှိသည့် ဆေးအကြွင်းအကျန်များစသည့် ဘေးအန္တရာယ် ရှိနိုင်သည့် အရာများအား အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန်သတ်မှတ်ထားပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် စျေးများတွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရသည်။
အေဇာလင်း